မႂ်ႇသုင်ၶႃႈ ႁူမ်ၸူမ်းတွၼ်ႈယူႇၶႃႈဢေႃႈ သင်မီးလွင်ႈယၢပ်ႇၽိုတ်ႇသင်ၵေႃႈ ၵပ်းသိုပ်ႇမႃးလႆႈတီႈ SainawLeangfa.Tai@gmail.com လႄႈ မၢႆၾူင်း 09428043762

Monday, December 31, 2012

ပွꨯးလွင်း သွမ်း ဝꨱင်းသီꨲပေꨣꨵ

"သီပေါမြို့ ၏ သံဃဒါနဆွမ်းတော်ကြီးလောင်းလှူပွဲ"
 သီပေါမြို့ 
 သီပေါ မဟာမြတ်မုနိဘုရားကြီး
          သီပေါမြို့ ၏ ဆွမ်းတော်ကြီးလောင်းလှူပွဲကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၃-ရက် ၄-ရက်နေ့ များတွင် မဟာမြတ်မုနိုဘုရားကြီး အာရုံခံတန်ဆောင်းတော်အတွင်းနှင့် ဘုရားကြီးပရ၀ုဏ်အတွင်းတွင် ကျင်းပမြဲဖြစ်ပါသည်။
          ၁၂၅၇-ခုနှစ်တွင် မဟာမြတ်မုနိဘုရားကြီးကို ဂန္ဓကုဋိတိုက်တော်၊ ပြာသာဒ် စုလစ်မွန်းချွန်၊ အာရုံခံ တန်ဆောင်းတို့ဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည်မှ ယခုနှစ် (၁၃၇၄-ခုနှစ်) တိုင် ၁၁၇-ကြိမ်မြောက် သက်တမ်း ရှည်ကြာစွာလှူဒါန်းခဲ့ကြသည့် သံဃဒါန ဆွမ်းတော်ကြီးလောင်းလှူပွဲ ဖြစ်ပါသည်။
          မြို့ နယ်လုံးကျွတ် ဆွမ်းလောင်းလှူပွဲကို အငြိမ့်၊ ပြဇာတ်၊ ရှမ်းရိုးရာကပွဲများနှင့် စည်ကားသိုက်မြိုက် စွာ ကျင်းပကြပါသည်။ သီတင်းကျွတ်လပြည့်ကျော် ၃-ရက်နေ့တွင် သံဃာတော်များအား စာရေးတံမဲဖေါက် ခါ လှူဒါန်းနိုင်ရန်အတွက် ပဒေသာပင်များကို ရပ်ကွက်အလိုက် အသင်းအဖွဲ့အလိုက် အပြိုင်အဆိုင် လှပစွာ လှည့်ပတ်ကခုန်ကြ၍ှမြို့ တွင်းသို့လှည့်လည်ပြီးမှ မဟာမြတ်မုနိဘုရားသို့ ပို့ဆောင်ကြသည်။
          သီတင်းကျွတ်လပြည့်ကျော် ၂-ရက်နေ့တွင် ဆွမ်းလောင်းပွဲဖွင့် အခမ်းးအနားစတင်ရန် သီပေါမြို့ ၏ နာယက ဆရာတော်ကြီးများမှ မဟာမြတ်မုနိဘုရားကြီးအား အနေကဇာတင် တော်မူကြရန်အတွက် စေတ နာရှင်များမှ သစ်သီးပန်းပုံဖေါ်၍ ဆွမ်းတော်ပွဲကို ပြင်ဆင်ကြသည်။
          လပြည့်ကျော် ၃-ရက်နေ့ အာရုံတက်အချိန် ဆွမ်းတော်ကြီးလောင်းလှူပွဲ ဖွင့်ပွဲအခမ်းအနားအဖြစ် သီပေါမြို့ ၏ သံဃနာယက ဆရာတော်ကြီး များမှ မဟာမြတ်မုနိဘုရားကြီး ရုပ်ပွားတော်ကို အနေကဇာတင် ၍ ဖွင့်လှစ်ပေးတော်မူကြပါသည်။
          ဘုရားကြီးဝေယျာဝစ္စအဖွဲ့ ကလျာဏယုဝတီ ၀တ်အသင်းသူများမှ ပွဲနေ့တွင် ရွှေဆိုင်းများကို ဘုရား ဖူးများ အလှူရှင်များ ရွေသင်္ကန်း ကပ်လှူပူဇော်နိုင်ပါရန် ပြင်ဆင်ပေးကြသည်။
          အစဉ်အလာအရ မြို့ စောင့်နတ် ဘိုးဘိုးကြီးကို နန်းထိန်းကြီးမှ ပင့်ဆောင်၍ ရှေ့ဆုံးမှကြွကာ အလှူ ပင် ပဒေသာပင်များကို ဦးဆောင်၍ မဟာမြတ်မုနိဘုရားကြီးသို့ ပို့ဆောင်လှူဒါန်းသည်။
          မြို့ စောင့်နတ် ဘိုးဘိုးကြီးအလှူ ပဒေသာပင်နောက်မှ လိုက်၍လှည့်လည်ရန် ပဒေသာပင်များကို ပြင်ဆင်စောင့်ဆိုင်းကြရသည်။
          ရပ်ကွက်များ အဖွဲ့ အစည်းများ ဌာနဆိုင်ရာများမှ ပဒေသာပင်များကို ထမ်း၍ ကားဖြင့်တင်၍ အတီး အမှုတ် အကအခုန်တို့ဖြင့် မမောနိုင်မပန်းနိုင် စီတန်းလှည့်လည်ကာ မဟာမြတ်မုနိဘုရားကြီးသို့ မိမိတို့၏ အလှူပင် ပဒေသာပင်များကို ပို့ဆောင်ကြသည်။
          ဘိုးဘိုးကြီးနတ်နန်းမှ နေ့လည် ၁-နာရီစတင်ထွက်၍ လှည့်လည်လာရာ ဘုရားကြီးသို့ ညနေ ၅-နာရီတွင် ရောက်ရှိလာကြပါပြီ။ အလှူပဒေသာပင် များပြားလှသည့်အတွက် နောက်ဆုံးပဒေသာပင်မှာ ည ၉-နာရီဝန်းကျင်လောက်မှ ၀င်ရောက်လာနိုင်သည်။ တလမ်းလုံး ကခုန်ပြီး ပျော်ရွှင်စွာလှည့် လည်၍လာရာ ဘုရားသို့ရောက်ပြီးသော်လည်း မမောနိုင်မပန်းနိုင် ကခုန်၍ ဘုရားကို ပူဇော်ကြသေးသည်။
          ရောက်ရှိလာသော ပဒေသာပင်များကို ပဒေသာပင်လက်ခံရာဌာနသို့ စာရင်းပေးသွင်းကြရသည်။ ပဒေသာပင်လက်ခံသော အဖွဲ့ မှ ညလုံးပေါက်စာရင်းဇယားများ ပြုစု၍ မဲဖောက်လှူဒါန်းနိုင်ရန် ဆောင်ရွက် ကြသည်။ ပဒေသာပင်လက်ခံ၍ စာရင်းဇယားများ ပြုစုပြင်ဆင်ပေးခြင်းကို သီပေါမြို့ အထက်တန်းကျောင်း အလယ်တန်းကျောင်း မူလတန်းကျောင်းများမှ ဆရာ ဆရာမများက ကုသိုလ်ယူပေးကြပါသည်။
          မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့ သားများက ဆွမ်းကွမ်း ဝေယျာဝစ္စ အလှူတော်ငွေ လက်ခံ ရန် အလှူခံဌာန ဖွင့်လှစ်ထားရှိပါသည်။ ကလျာဏယုဝတီ ၀တ်အသင်းသူများက ရွှေပွဲလာ ဧည့်ပရိဿတ် အပေါင်း ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် ပြင်ဆင်ထားသော ရွှေဆိုင်းများကိုရောင်းပေးပါသည်။
          ရွှေဆိုင်းများကို ရေကြည်တော်ဝတ်အသင်းသားများက စနစ်တကျ ကပ်လှူပေးကြပါသည်။
          လပြည့်ကျော် ၄-ရက်နေ့ ဆွမ်း ဆွမ်းဟင်းလောင်းလှူရန်အတွက် အချက်အပြုတ်အဖွဲ့ သားများက တနေကုန် ဆွမ်းဟင်းအဖြစ်လောင်းလှူရန် ၀က်သားဒယ်ကြီးနှပ် ကိုချက်ပြုတ်ကြရသည်။ ဆွမ်းကိုတော့ တညလုံး ပေါင်းကြရပါဦးမည်။ အထားခံသည့် ပုဇွန်ခြောက်ဗာလချောင်ကြော်ကို လပြည့်ကျော် ၂-ရက်နေ့ ကပင် ကြော်လှော်ထားပြီးဖြစ်သည်။ အချက်အပြုတ်တာဝန်ကို ပန်းတိမ်မြောက်ရပ်ကွက်နှင့် ရွှေကျောင်း ရပ်ကွက်မှ တာဝန်ယူ၍ ကုသိုလ်ယူကြပါသည်။
          သံဃာအပါး တထောင်ကျော်အတွက် ချက်ပြုတ်ပြီးသော ၀က်သားဒယ်ကြီးနှပ် ဗာလချောင်ကြော် သရက်ချဉ် များကို အထုတ်ပေါင်း တထောင်ကျော်ဆွမ်းဟင်းထုပ်ခြင်းကို မဟာမြတ်မုနိဘုရားကြီး ဝေယျာ ၀စ္စအဖွဲ့သူများ ထွေအုပ်ဝန်ထမ်းသူများ စည်ပင်ဝန်ထမ်းသူများ သိရီိသုဝဏ္ဏအဖွဲ့သူများနှင့် စေတနာရှင် များက ညတွင်ကုသိုလ်ဖြစ် ၀ိုင်းဝန်း၍ထုပ်ကြသည်။
          ညဈေးတန်းများ ချားရဟတ်များနှင့် ဘုရားကြီးပုရ၀ုဏ်အတွင်း ပြည့်ကျပ်နေပါသည်။ ညပိုင်းတွင် ရှမ်းရိုးရာယဉ်ကျေးမှု အလှအကများ ဇာတ်ပွဲများနှင့် ဖျော်ဖြေပေးသဖြင့် တညလုံးစည်ကားလျက်ရှိသည်။
          လပြည့်ကျော် ၄-ရက်နေ့ အာရုံမတက်မီ သံဃာတော်များကြွရောက်လာသည်။ ကြွရောက်ကြကုန် သော သံဃာတော်များကို အာရုံဆွမ်းအဖြစ် ကောက်ညှင်းပေါင်း ဗာလချောင်ကြော် တိုဟူးကြော် တို့ဖြင့် ဆက် ကပ်ကြသည်။ နှစ်စဉ်အာရုံဆွမ်းအလှူရှင်အဖြစ် ဒေါက်တာ မ၀င်းကြည် (ငွေဆဒ္ဒါန်) မောင်နှမများ မိသားစု မှ နှစ်ပေါင်းများစွာ ကုသိုလ်ပြုခဲ့ကြပါသည်။
          အာရုံဆွမ်းဘုန်းပေးပြီးသောအခါ ကျောင်းပေါင်းစုံမှ သံဃာတော်များအား ကျောင်းစဉ်အလိုက် စာရေးတံမဲနှိုက်၍ ပဒေသာပင်များကို လှူဒါန်းသည်။ စတင်ကြွရောက်စဉ်ကပင် ကျောင်းစဉ်မဲများကို နှိုက်ထားပြီးဖြစ်သည်။
          မဲနှိုက်ပြီး၍ ပဒေသာပင်များ အလှူခံရရှိပြီး ဘုရားအာရုံခံထဲမှ အပြင်သို့ ဆက်လက်ထွက်ကြွစဉ် လမ်းတလျှောက် ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့မှ ဦးဆောင်၍ ညကပြင်ဆင်ထားသော ဆွမ်း ဆွမ်းဟင်းအဖြစ် ၀က်သား ဗာလချောင်ကြော် သရက်ချဉ်သုပ် အထုပ်များကို ယုဝတီ၊ ရေကြည်တော် ၀တ်အသင်းသူ/သား များက စတင်လောင်းလှူသည်။
          သံဃာတော်များ ကြွရာ လမ်းတလျှောက် ဆွမ်း ဆွမ်းဟင်းနှင့် လှူဖွယ်ဝထ္တုများကို လောင်းလှူ ကြရာ နောက်မှကပ္ပိယများက လိုက်၍ ကူညီအလှူခံပေးကြရသည်။ ပဒေသာပင် အလှူရှင်များက မိမိတို့၏ အပင်ပေါက်သည့် သံဃာတော်အား ပဒေသာပင်များကိုထမ်း၍ ကားပေါ်တင်၍ ကျောင်းအရောက် အိုးစည် ဗုံမောင်းများဖြင့် ပို့ဆောင်ပေးကြသဖြင့် မြို့ တွင်းလမ်းတိုင်း လမ်းတိုင်းတွင် ကြည်နူးဝမ်းမြောက် စရာတွေနှင့် ပြည့်နှက်လျက်ရှိပါသည်။
          သံဃာတော်များကို စာရေးတံမဲနှိုက်လှူဒါန်းခြင်း ဆွမ်း ဆွမ်းဟင်းလောင်းလှူခြင်းများ နံနက် ၉-နာရီခန့်တွင် ပြီးစီး၍ ကျောင်းထိုင်ဆရာတော်များကို ပင့်ဖိတ်ထားပြီး အလှူအတွက် ရေစက်သွန်ချ အမျှ အတမ်း ပေးဝေခါ ၁၃၇၄-ခုနှစ် ၁၁ရ-ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သံဃဒါန ဆွမ်းတော်ကြီးလောင်း လှူပွဲ ကို နိဂုံးကမ္ပတ် ပြီးဆုံးသတ်ခဲ့ကြပါသည်။
          (၁၁၇) ကြိမ်မြောက်လှူဒါန်းရာတွင် ရဟန်း ၃၇၅-ပါး၊ သာမဏေ ၁၂၁၄-ပါး စုစုပေါင်း သံဃာတော် ၁၆၁၇-ပါးကို ပင့်ဆောင်လှူဒါန်းပါသည်။ ပဒေသာပင်များနှင့် အခြားဆွမ်း ဆွမ်းဟင်းအလှူတော်ငွေပေါင်း ကျပ် ရှစ်ရာလေးသိန်းငါးသောင်းတစ်ထောင်ငါးဆယ်ခြောက် တိတိ (၈၀၄၅၁၀၅၆-ကျပ်) ကိုလှူဒါန်းနိုင်ခဲ့ ပါသည်။
          သံဃဒါန ဆွမ်လောင်းလှူပွဲပြီးဆုံးသွားပြီးနောက် မဟာမြတ်မုနိဘုရားကြီးဝင်းကို ရေကြည်တော် ၀တ်အသင်းသားများက ရေဆေးသန့်ရှင်းပေးကြပါသည်။ ပွဲမစမီ အခမ်းအနားအားလုံးအတွက် ဘုရားကြီး ဝေယျာဝစ္စအဖွဲ့သားများဖြစ်သော ရေကြည်တော်ဝတ်အသင်းသားများမှ ပြင်ဆင်ပေးခြင်း၊ ပြီးဆုံးသွား ချိန်မှာ သန့်ရှင်းရေး ပြုလုပ်ပေးခဲ့ကြသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ပြီဖြစ်သည်။
          ဤကဲ့သို့ နှစ်ပေါင်းများစွာ မဟာမြတ်မုနိဘုရားကြီး၏ ဝေယျာဝစ္စများကို ဆောင်ရွက်ကြခဲ့ ကြသော ရေကြည်တော် ၀တ်အသင်း ကလျာဏယုဝတီ ၀တ်အသင်းတို့ကို ကျေးဇူးတင်၊ ၀မ်းမြောက် ဂုဏ်ယူစွာ သံဃဒါန ဆွမ်းလောင်းလှူပွဲနှင့်အတူ မှတ်တမ်းတင်အပ်ပါသည်။
           မဟာမြတ်မုနိဘုရားကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆွမ်းတော်ကြီးလောင်းလှူပွဲတော်ကို လာရောက်ကာ အတူတကွ ကြည်ညိုဝမ်းမြောက် ပျော်ရွှင်နိုင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
သီတဂူသီပေါ
*ဓါတ်ပုံများကို အသုံးပြုခွင့်ပေးသော မင်းသား (ဓါတ်ပုံနှင့်ဗီဒီယို) ကိုလည်းအထူးကျေးဇူးတင်ရှိပါသည်။
My Blogger TricksAll Blogger TricksTechtunes